Facebookနိုင်ငံသား
Sunday, April 28, 2013
အမေရိကဆိုသော အရပ်တွင်Zuckerberg ဆိုသော နာမည်ခပ်ခက်ခက် လူငယ်တစ်ဦးနှင့်အပေါင်းအသင်း ရောင်းရင်းတစ်စကစတင်သန္ဓေတည် မွေးဖွားခဲ့သည့် Facebook သည်ယခု ဆိုလျှင် ညောင်ဦးက ကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးဆိုသကဲ့သို့ မိုင်ထောင်ချီ ဝေးကွာသည့် မြန်မာနိုင်ငံ၏နိုင်ငံရေး၊လူမှုရေးဘဝများကိုပြောင်ပြောင်တင်းတင်းတစ်နည်း၊မသိလိုက် မသိ ဘာသာတစ်ဖုံ ခြယ်လှယ်လွှမ်းမိုးနေခဲ့ပြီ။
Social Networking Website ခေါ်မိတ်ဆွေ အပေါင်းအသင်းရောင်းရင်း အချင်းချင်းအဆက်အသွယ်မပြတ်ရန်၊ အသိအကျွမ်းတိုးရန် ကူညီပေး သည့် အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များသည် ယခုနှစ်များတွင်အထူးရေပန်းစားလာခဲ့ပြီးကမ္ဘာအနှံ့ အထူးသုံးစွဲလာခဲ့သည်။Facebook, Twitterတို့သည် ထိပ်တန်းလူမှုကွန်ရက်များဖြစ်ကြသည်။မြန်မာနိုင်ငံ တွင် twitterသိပ်မသုံးကြ၊ Facebookကိုမူ မြန်မာတို့ အသည်းစွဲ။ စာရင်းဇယား အချက်အလက်နှင့် အလှမ်းဝေးသည့် နိုင်ငံပီပီ ဘယ်သူတွေ သုံးကြသလဲ မသိနိုင် ပေမယ့်တော်တော်လေး သုံးကြတာတော့ သေချာသည်။လူငယ်ပိုင်း၊မြို့နေ၊အတန် အသင့်သုံးနိုင်စားနိုင်သူ၊ပညာတတ်၊ နည်းပညာနှင့် ယဉ်ပါးသူ စသူတို့ကမူ သုံးစွဲ သူထဲတွင် အများစုဖြစ်နိုင်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ဆိုလျှင်၂၀၁၂ ခုနှစ် အောက်တိုဘာ လဆန်းက Facebookသုံးသူ သန်းတစ်ထောင် ပြည့်သွားသည်ဟု ဆိုသည်။ဆိုလိုသည်က ကမ္ဘာပေါ်တွင် လူခုနစ်ယောက်လျှင် တစ်ယောက်သုံးနေ ကြသည်။Facebook သာ နိုင်ငံဆိုလျှင်တရုတ်နှင့် အိန္ဒိယပြီးလျှင်ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံ။ထိုFacebook တိုင်းပြည်တွင်အခြားသော မြန်မာနိုင်ငံသားများနည်းတူ ကျွန်တော်လည်း နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်နေသည်။
မူလက Facebook ကို မသုံး၊ လိုသည်မထင်။ပြည်ပခရီးတစ်ခု သွားရင်းခင်သွားသည့် နိုင်ငံခြားသားသူငယ်ချင်းက ဆက်သွယ်ရန်လိပ်စာတောင်း ရာမှ ဇာတ်လမ်းစသည်။G-mail လိပ်စာ ပေးတော့ သူငယ်ချင်းက “မင်းခေတ်နောက်ကျနေပြီ။ Facebook မရှိဘူးလား" တဲ့။ အဲဒီကမှ စလိုက်သည်မှာ တဖြည်းဖြည်း Facebookလောကထဲသို့ရောက်ရှိသွား တော့သည်။
သူ့ရဲ့အဓိကလုပ်ဆောင်ချက်က မိတ်ဆွေအပေါင်းအသင်း အချင်းချင်းကိုယ်လုပ်နေတာ၊ကိုယ်သိတာ၊ ကိုယ်ခံစားနေရတာ အချင်းချင်း ဖလှယ်နိုင်အောင် စီမံထားသည်။Facebook ကိုယ်တိုင်က တစ်ခုခု ရေးသားတင်ပြပေးနေစရာ မလို။Facebookတွင် ပါဝင်သူ (ဝါ)Accountဖွင့်ထားသူတို့ တင်ထားသည့် ဓာတ်ပုံ၊ အချက်အလက်များနှင့်ပင် Facebookသည် ကြီးထွားလာသည်။အင်တာနက် ခေတ် ၏အားသာချက်မှာ ဝေမျှရတာ အလွန်မြန်ခြင်း။ အင်တာနက်ခေတ် ယဉ်ကျေးမှု၏ အဓိကကျသော အစိတ်အပိုင်းမှာ Sharing Cultureခေါ် ဝေမျှ ခြင်း ယဉ်ကျေးမှု။Facebook သည် ဝေမျှခြင်းကို အလွန်လွယ်ကူသွားစေသည်။ဘာမျှကူးရေး၊အပင်ပန်းခံနေရန် မလို၊ ခလုတ်လေးတစ်ခုနှစ်ခု နှိပ်ရုံနှင့် ဝေမျှလိုက်နိုင်သည်။ပညာခေတ်ဟုလည်းခေါ်သော ယခုခေတ်ကြီးတွင် Facebookသည် ပညာဗဟုသုတတို့ကိုဝေမျှရန်လည်း အလွန်လွယ်ကူ လာသောကြောင့်ဗဟုသုတတို့ ပြန့်ပွားလွယ်သည်။ သတင်းအချက် အလက်တွေလည်းပြန့်ပွားလွယ်သည်။
Facebook၏သဘောက မိမိ ကိုယ်ပိုင်စာမျက်နှာ တစ်ခုဖွင့်ပြီး မိမိ သိလိုသူများထံလျှောက်လွှာပို့(Friend Requestor Add) လုပ်ရသလို မိမိနှင့် သူငယ်ချင်းဖြစ်ချင်သူများကလည်း ထိုနည်းအတိုင်းလုပ်ရသည်။လက်ခံလိုက်လျှင် သူငယ်ချင်းဖြစ်ြ ပီ။ထိုနည်းဖြင့် မိမိတွင် သူငယ်ချင်းများတိုးပွားလာသည်။
Facebookသုံးရင်းသုံးရင်း သဘောကျလာသည်။ သူငယ်ချင်းတွေနှင့် အဆက်မပြတ် သူတို့အကြောင်း သိနေရသည်။နှစ်အတန်ကြာကအဆက်ပြတ်သွားသူ ငယ်သူငယ်ချင်းတို့နှင့် ပြန်ဆုံရသည်။ကျွန်တော်က အခြားသူမွေးနေ့ မဆိုထားနှင့် မွေးနေ့ဆိုလျှင်ကိုယ့်မွေးနေ့ပင် သတိ မရသူ။Facebookကျေးဇူးဖြင့် မိမိ မိတ်ဆွေ သူငယ်ချင်းများ၏မွေးနေ့ဆိုလျှင် သူ့သတိပေးချက်ဖြင့် မွေးနေ့ဆုတောင်းပို့နိုင်သည်။ဝေးတစ်မြေမှသူများ၏ မင်္ဂလာဆောင် ဆိုလျှင် မသွားနိုင်လည်းCongratulation လုပ်နိုင်သည်။ဗဟုသုတများ၊သတင်း အချက်အလက်များလည်းလွယ်လွယ် ကူကူဖြစ်လျှင် ဖြစ်ချင်း သိရသည်၊ကိုယ် သိတာလေးလည်း တင်ပေးနိုင်သည်။
သုံးရင်း သုံးရင်းအတော်လေးကြာလာတော့ သတိထားမိလာသည်။ကျွန်တော်နှင့် သိပ်မသိသူတွေ အကြောင်းမသိလိုဘဲသိလာရသည်။သူတို့ လုပ်နေကိုင်နေသည့်အလုပ်တွေ၊မလုပ်ဖြစ် မကိုင် ဖြစ်သည့်အလုပ်တွေအကြောင်းခေါင်းထဲ အလိုလို ရောက်လာသည်။စားပြန်သောက် ပြန်ပြီ၊ခရီးသွားပြန်ပြီ၊ ရည်းစားနဲ့ ခွာပြဲပြန်ပြီ၊ ဟော နောက်တစ်ယောက် ရပြန်ပြီ စသည့် သောင်းပြောင်းထွေလာ စုံစီနဖာမျိုးစုံ ကြားရမြင်နေရသည်။အိမ်နီးချင်းနှင့်စကားတစ်လနေလို့ တစ်ခါ မပြော ဖြစ်သော်လည်း မိုင်ထောင်ဂဏန်းဝေးသည့် ကနေဒါမှ အသိအကျွမ်းနှင့် ပုံမှန်စကားပြောဖြစ်သည်။ သူ့ကလေးဘယ်မှာ ကျောင်းထားသည်၊ သူဘာအလုပ်ရသည်၊ သူမြန်မာစာ ဒီတစ်ပတ် ချက်စားသည် အားလုံးကိုယ်က သိနေသည်။
ကျေးဇူးရှိသူများထံ ဖုန်းတစ်ချက် မဆက်ဖြစ်၊တစ်ခေါက်တလေ မရောက် ဖြစ်အောင် အလုပ်များနေခဲ့သော်လည်း မြင်ရလွယ်သည့် Facebookပေါ်မှ ကိုယ်နှင့် သိရုံသိသူများ အကြောင်းအပ်ကျမပ်ကျ သိနေခဲ့သည်။Facebook ကျွန်တော်နှင့် အပြင်မှ ကျွန်တော်ကွဲလွဲလာခဲ့သည်။အရည်မရ အဖတ်မရ ပြောချင်ရာ များကို ခဏခဏပြောနေသူများကြောင့် မှတ်ဖွယ်သားဖွယ်များ၊အဖိုးတန်သတင်းအချက်အလက်များကို“ကောက်ရိုးပုံထဲအပ်ပျောက်ရှာ” သကဲ့သို့ ခဲခဲယဉ်းယဉ်း စစ်ထုတ်ယူလာရသည်။မိမိသူငယ်ချင်းစာရင်းထဲမှ ပုဂ္ဂိုလ်များ၏အရည်အသွေး သည် ထိုအခါတွင် အရေးကြီးလာသည်။သူငယ်ချင်းစာရင်းထဲတွင်သူငယ်ချင်း ငါးထောင်ရှိနေသော်လည်းအားလုံးအရေမရ အဖတ်မရများသာ ဆိုလျှင် မိမိFacebook သည် အမှိုက်ပုံသာသာ ဖြစ်တော့မည်။ ထိုအခါတွင် မိမိ၏သူငယ်ချင်း စာရင်းသည် အရေးကြီးလာခဲ့သည်။
မည်သူ့ကို လက်ခံမလဲ
မိမိ၏Facebook သူငယ်ချင်းစာရင်း၏အခြေအနေကို ထိန်းချုပ်လိုလျှင် “ဘယ်သူ့ကို သူငယ်ချင်းဖြစ်စေချင်လဲ” ဟူသော မေးခွန်းကိုဖြေရမည်။
ထိုမေးခွန်းကိုဖြေရန် အဓိက အားဖြင့် နှစ်ချက်ရှိသည်။ တစ်နည်းက အရေအတွက်၊ နောက်တစ်နည်းက အရည်အသွေး။အရေအတွက်ကိုကြည့်လျင် သူငယ်ချင်း များလေလေ ကောင်းလေလေ။ငါးထောင်က အမြင့်ဆုံး။
အချို့ကအရေအတွက် နည်းသည်ကို ကြိုက်သည်၊ ကျစ်ကျစ်လျစ်လျစ်။ပြင်ပ လောကရှိ တကယ့်သူငယ်ချင်းများ၊ သူလေးစားသူများနှင့်သာ သူငယ်ချင်းစာရင်းကို ဖွဲ့စည်းထားသည်။လွတ်လွတ်လပ်လပ် မိသားစုပုံများ တင်ထားမည်။အတွင်းသတင်း၊ လျှို့ဝှက်သတင်းများ ဝေမျှမည်။ကိုယ်ရေးကိုယ်တာတို့ကို ဆွေးနွေးရင်ဖွင့်မည်။ အပြင်လူ အဝင်မခံ။စိတ်အေးလက်အေးနေချင်သည်။
အချို့ကဘယ်သူဘယ်ဝါ စိစစ်ခြင်းမရှိ။လာသမျှလူ လက်ခံသည်။မိမိကလည်းတွေ့သမျှသူထံ သွားလျှောက်သည်။ အချို့ကမူ စိစစ်ပြီးမှ လက်ခံသည်။စာရေးသူ၏ မူဝါဒအရဆိုလျှင်Facebook ဟူသော နာမည်နှင့်အညီ မျက်နှာပုံတင်ထားမှ လက်ခံလေ့ရှိသည်။ခြွင်းချက်များလည်း ရှိသော်လည်းအများအားဖြင့် မျက်နှာပုံ တင်မထားလျှင် ချန်လှပ်ထားသည်။
မိသားစုဝင်များ၊ အထက်လူကြီးများကို လက်ခံ မခံသည်လည်း သူငယ်ချင်း စာရင်းသွင်း မသွင်းမူဝါဒနှင့် ပတ်သက်သည်။ စာရင်းသွင်းမှားလျှင် နောင်မှ နောင်တရနေလိမ့်မည်။ သူငယ်ချင်းတစ်ဦးက သူ့အမေက သူ့ကိုလာပြီးမိတ်ဆွေအဖြစ် လက်ခံရန်လာအပ်သော်လည်းသူကလက်မခံ။မိမိ သူငယ်ချင်းများနှင့်၊ ချစ်သူနှင့်ပြောချင်ရာ ပြောထားသည်ကို မိဘမောင်ဖွားများမမြင် စေချင်၊မသိစေချင်သောကြောင့် ဖြစ်သည်။ အမေက Facebook တွင်ရော၊အပြင် တွင်ပါ အကြိမ်ကြိမ် Requestလုပ်၊ဖိအားပေးသော် လည်းသူက အပြတ်တောင့်ခံထားသည်။ ရုံးချိန် တွင်းမူးရူးနေပုံကို Facebookပေါ်ဓာတ်ပုံ တက်လိုက်ပြီး မိမိ၏သူငယ်ချင်း စာရင်းတွင် ရုံးမှလူကြီးရှိနေပြီးတွေ့သွားကာ ပြဿနာပေါ်သွားသူ များလည်းရှိသည်။
Split Personality
Facebookပေါ်ရှိ စရိုက်နှင့် ပြင်ပရှိတကယ့်စရိုက်တို့သည် တူချင်တူနိုင်သည်။သို့သော် ကွာလည်းကွာခြားနိုင်သည်။ အပြင်စရိုက်နှင့်online စရိုက်တို့သည် ကွဲလွဲနေလျင် split personality ခေါ်သည့် “လူတစ်ကိုယ်၊စိတ်နှစ်မျိုး” ဖြစ်နိုင်သည်။
အပြင်တွင်လူကြောက်သောသူများအတွက် Facebookသည် အလွန်မက်မော ဖွယ်ကောင်းသော အရာကြီး ဖြစ်သည်။လူ လူချင်းတွေ့လျှင်တစ်ဦးနှင့်တစ်ဦးအနည်းနှင့်အများ ရှိန်တတ်သော်လည်းFacebookပေါ်တွင်မူ ထိုသို့ ရှိန်စရာမရှိ။ ပြောလိုရာ ပြောချလိုက်လို့ ရသည်လည်း ပါမည်။အချို့ က အပြင်တွင်ခပ်ကုပ်ကုပ်၊ Facebookပေါ်တွင် ဓားကြိမ်းကြိမ်း နေကြသည်။အချို့ကအပြင်တွင် ခပ်တည်တည်၊Facebook တွင်မူ လူရွှင်တော်များ။ထို့ကြောင့်တစ်ခါ တစ်ရံတွင် Facebookပေါ်မှ စရိုက်ကို ကြည့်ပြီးအပြင်စရိုက်ကို ခန့်မှန်းလျှင်လွဲနိုင်သည်။ သို့သော် Facebook တွင် တွေ့ရှိပြီး အပြင်တွင်ဆုံတွေ့ပြီးနောက်အဆင်ပြေသွားသည့် Facebook ဖူးစာများလည်း များလှသည်။
အမှောင်ခြမ်း
လောကရှိ အခြားသောအရာများ အားလုံးနည်းတူ Facebook တွင်လည်းအလင်းခြမ်းရှိသလို အမှောင်ခြမ်း များလည်း ရှိသည်။ဝေမျှရန် Share ရန်အလွယ်ဆုံးဖြစ်ခြင်းဟူသော အားသာချက်ကိုယ်တိုင်ပင် တလွဲသုံးလျှင် အကြီးဆုံးဆိုးကွက် ဖြစ် သွားသည်။ကိုယ့်အိမ်ထဲတွင်ကိုယ်ထိုင်ပြီး ဖြစ်သမျှ ပျက်သမျှကို မီးလောင်ရာလေပင့်၊တို့မီးရှို့မီး လုပ်လိုလျှင် Facebookသည် အချိန်ကုန်ငွေကုန်သက်သာပြီး ထိရောက်သော လက်နက်ဖြစ်သည်။ဘာမျှအထွေ အထူး လုပ်ရန်မလို၊ ထိုင်ပြီးတစ်ခုပြီးတစ်ခု share နေရုံ။ခဏချင်းပင် လူထောင်ပေါင်း၊သောင်းပေါင်းများစွာသို့ သတင်းမှားများ၊ ဇာချဲ့သတင်းများ၊လံကြုပ်သတင်းများရောက်ရှိသွားကြသည်။ ယုံလွယ်တတ်သောသူများ စုဝေးနေထိုင်ရာ မြန်မာနိုင်ငံတွင် Facebookမှ တို့မီးရှို့မီးလုပ် ခြင်းသည်စရိတ်စက သက်သက်သာသာဖြင့် “ငယ်သောအမှုကို ကြီးစေ၊ ကြီးသောအမှုကို အကျိုးနည်းစေ” နည်းလမ်းဖြစ်ကြောင်း လွန်ခဲ့သော တစ်နှစ် နှစ်နှစ် ခန့်ကစပြီးမြင်တွေ့ခဲ့ရပြီးပြီ။ Facebookတွင် ရေးထား၊ Share ထားသည်ကို တိုက်ရိုက် ကွန်ပျူတာပေါ်တွင်ဖတ်ပြီးဒေါသအမျက် ဒီရေတက်ကြသလို အပြင်တွင်စာရွက်ထုတ် ဝေမျှသောကြောင့် အင်တာနက်နှင့် အလှမ်းဝေးသူတို့ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြသည်လည်း များလှသည်။Facebook ၏ဘေးထွက်ဆိုးကျိုးကို ကာနိုင်ရန် သုံးသူတို့ဆင်ခြင်စဉ်းစားတတ်ဖို့၊ အခံကောင်းဖို့လိုသည်။“ Freedom of Expression is no the license to be stupid,လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် မိုက်တွင်းနက်ရန်လိုင်စင်မဟုတ်” ဟူသော အမေရိကန်နိုင်ငံ မိတ်ဆွေတစ်ဦး ဝါရှင်တန် မြို့တော် သတင်းပြတိုက် Newseum မှဝယ်လာ လက်ဆောင်ပေးသည့် တီရှပ်ပါ စာတန်းသည် မြန်မာ Facebook သုံးသူများနှင့် လိုက်ဖက်လှသည်။
Facebookပေါ်မှ ငွေရှာနည်း
အတွေ့ရများသည့် ဆိုးကွက်မှာ Facebook ပေါ်တွင် အချိန်ကုန်သောကြောင့် မိမိလုပ်ငန်းကိုင်ငန်း၊ ကြီးပွားရေး စီးပွားရေးအာရုံမစိုက်နိုင်ဘဲ အထိနာနိုင်သည်။တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးထိခိုက်နိုင်သည်။ကျောင်းသားဆိုလျှင် စာမေးပွဲတွင် အမှတ်ကျသွားနိုင်သလို လုပ်ငန်းရှင်ဆိုလျှင် စီးပွားရေးကျနိုင်သည်။
Facebookကိုသုံးပြီးငွေရှာနေသူများရှိသလို Facebookမှ အကောင်းဆုံး ငွေရှာ နည်းမှာ အဆင့်သုံးဆင့်သာ ဖြစ်သည်ဟူ သော သရုပ်ပြပုံလေးလည်းရှိသည်။ အဆင့် ၁၊Facebook မှ setting သို့သွားပါ။ အဆင့် ၂၊deactivate (ပိတ်ပါ)ဟူသော ခလုတ်ကို နှိပ်ပါ။ အဆင့် ၃၊အလုပ်သို့ သွားပါ။ ဆိုလိုသည်ကတော့ Facebook ကို ပိတ်ပြီးအလုပ်လုပ်ပါ ဟူသတတ်။
မိတ်ဆွေသူငယ်ချင်းများထဲတွင် မိမိကိုယ်ကို Facebook စွဲနေသည်ဟု ထင်သူများ အများအပြားရှိနေပြီးထိုသူတို့သည် အင်တာနက်စဖွင့်သည်နှင့် Facebookစဖွင့်သူများလည်း ဖြစ်နေသည်။ထိုင်မိလိုက်သည်နှင့် အချိန် သုံးလေးနာရီ ကြာသွားတတ်သည်။Facebook ကြောင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်ထိခိုက်နေသူများအတွက် အကြံပေးစကားက နာရီ သို့မဟုတ် ဖုန်းကို အချက်ပေးခေါင်းေ လာင်း နာရီဝက်လုပ်ထားပါ။မိမိဖတ်စရာ ရှိသည်ဖတ်၊ တင်စရာရှိသည် အမြန်တင် နာရီဝက်ပြည့်သည်နှင့် ထွက်လိုက်ပေတော့။မိမိနှစ်သက်ရာ ဘာသာစကားကို တစ်နေ့ ၁၅ မိနစ် လေ့လာလျှင် သုံးနှစ်နေလျှင် တိုင်းခြားဘာသာစ ကားတစ်မျိုးတတ်မြောက်နိုင်သည်ဟူသော ပီမိုးနင်း၏အချိန် တန်ဖိုးတွက်ပြပုံကို သိလျှင်Facebook ၏ရိုက်ခတ်ချက်ကို သဘောပေါက်နိုင်သည်။
မြန်မာတို့ကဖွဘုတ်၊ဖြဲဘုတ်ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည့် Facebookသည် မြန်မာနိုင်ငံသားအဖြစ်ရော Facebook နိုင်ငံသားအဖြစ်ပါ ခံယူထားသူ မြန်မာတို့မှ တစ်ဆင့် မြန်မာ့လူနေမှုဘဝ၊နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝတို့ကို ရိုက်ခတ် သြဇာသက်ရောက်နေသည်။